အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး

H.E. ဒေါက်တာဆာဆာ

ဒေါက်တာဆာဆာသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရသူနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်သည်။

ဒေါက်တာဆာဆာသည် Health & Hope အဖွဲ့အစည်းကို တည်ထောင်သူဖြစ်ပြီး သူ၏ ၁၃ နှစ်ကြာ လုပ်ဆောင်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကြောင့် လူသိများကျော်ကြားပြီး လူအများလေးစားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ သူသည် မြန်မာနိုင်ငံ၏ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ မဲဆွယ်စည်းရုံးရေးမန်နေဂျာအဖြစ် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၀၂၁-၂၀၂၆ ခုနှစ်) အစိုးရအသစ်တွင် နိုင်ငံတော်ဝန်ကြီးတစ်ဉီးအဖြစ် ပါဝင်ရန် ကမ်းလှမ်းခံရပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့သော စစ်တပ်အာဏာသိမ်းမှုသည် လက်ရှိ NLD ဦးဆောင်သော အစိုးရအားဖြုတ်ချကာ အသစ်ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော်က ပထမအကြိမ်အစည်းအဝေး မကျင်းပနိုင်ရန် ပိတ်ပင်ခဲ့ပါသည်။

စစ်တပ်ကအာဏာသိမ်းသည့်မနက်တွင် နေပြည်တော်၌ရှိနေခဲ့သော ဒေါက်တာဆာဆာသည် တက္ကစီအငှားယဉ် မောင်းသူတစ်ဦးကဲ့သို့ ဝတ်ဆင်၍ လုံခြုံရေးအတားအဆီးများကို ကျော်ဖြတ်ပြီး တပ်မတော်လက်မှ ရှောင်တိမ်းကာ ဘေးကင်းရာသို့ ထွက်ခွာနိုင်ခဲ့ပါသည်။ စစ်အာဏာသိမ်းခြင်းကို တုံ့ပြန်သည့်အနေနှင့် လွှတ်တော်အသစ်မှ တရားဝင် ရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့က လွှတ်တော်နှင့်ပြည်လူထု အကျိုးစီးပွားကို ကိုယ်စားပြုရန်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် CRPH က ဒေါက်တာဆာဆာကို ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လည်းကောင်း၊ ခန့်အပ်ခြင်းခံရပြီး မြန်မာသမိုင်းတစ်လျှောက် အမှောင်မိုက်ဆုံးအချိန်နှင့် အရေးပါဆုံးသောကာလတွင် ရဲရင့်သောမြန်မာပြည်သူများ၏ အသံ၊ ကိုယ်စားပြုသူနှင့် ခေါင်းဆောင် ဖြစ်လာခဲ့ပါသည်။

ဒေါက်တာဆာဆာသည် “လူတိုင်း”အတွက် ဒီမိုကရေစီရရှိရေး၊ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့် အရေးများရရှိရေး၊ စစ်အာဏာရှင်စနစ်အား လုံးဝဥသုံအမြစ်ပြတ်ချေမှုန်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပုံစံအမျိုးမျိုးဖြင့်ဖျက်သိမ်းခြင်းအပါအဝင်၊ ခွဲခြားဆက်ဆံမှုများရှိနေသည့် ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေတို့အား အပြီးဖျက်သိမ်းပြီး၊ အားလုံးပါဝင်သော၊ ညီလာခံနှင့် ပြည်သူ့ဆန္ဒခံယူပွဲများမှတစ်ဆင့် တည်မြဲ၍စစ်မှန်သည့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်အစားထိုးနိုင်ရန် အခိုင်အမာစိတ်ဆုံးဖြတ် ကတိကဝတ်ပြုထားသူဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အာဏာနှင့်သယံဇာတ ခွဲဝေကျင့်သုံးရေး၊ အစိုးရ၏ အစိတ်အပိုင်းများဖြစ်သည့် လွှတ်တော်များ၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် လွတ်လပ်စွာကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတည်ဆောက်ရေးသည် သူ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လူမျိုး၊ ယာဉ်ကျေးမှု၊ လူမျိုးစုများ၊ ကျား/မ နှင့် ကိုးကွယ်ရာဘာသာ စသည်တို့ကိုမခွဲခြားပဲ မြန်မာပြည်သူပြည်သားတိုင်း၏အခွင့်အရေးများကို ကာကွယ်ရန်၊ လေးစားရန်နှင့် မြှင့်တင်ရန်ဆောင်ရွက်သွားမည် ဖြစ်သည်။

ဒေါက်တာဆာဆာသည် မြန်မာနိုင်ငံအနောက်ဖက်ခြမ်း၊ ချင်းပြည်နယ်၏ တောနက်တောင်တန်းများ အကြားရှိ ဝေးလံခေါင်သီလှသည့် လိုင်လင်းပီရွာမှ ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦး ဖြစ်ပါသည်။ သူ၏ ကလေးဘဝ ၁၉၈၀ နှစ်များတွင် ယင်းဒေသတွင် နေထိုင်သူများသည် တောင်ယာလုပ်ငန်းဖြင့်သာ အသက်မွေးကြပြီး အလယ်တန်းပညာသင်ကြားမှု၊ ဆေးရုံဆေးခန်းများ၊ ဖောက်ခင်းထားသော လမ်းများ၊ လျှပ်စစ်မီး သို့မဟုတ် ဆက်သွယ်ရေးစနစ်များ မရှိခဲ့ပေ။ သူတို့သည် လူမျိုးရေးအရ ပြင်းထန်သည့် နှိပ်ကွပ်မှုကို ဆယ်စုနှစ်များစွာ ခါးစည်းခံခဲ့ကြရသည်။ ဒေါက်တာဆာဆာ၏ ကလေးဘဝက လွှမ်းမိုးခဲ့သည့် အတွေ့အကြုံများထဲတွင် သူ၏ရွာသားများအား အဓမ္မလုပ်အားပေးစေခိုင်းရန် ခေါ်ယူသွားခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် မုဒိမ်းကျင့်ခြင်းများလည်း ပါဝင်ခဲ့သည်။ သူ၏ မိတ်ဆွေသူငယ်ချင်း အများအပြားသည် ကာကွယ်ကုသနိုင်သည့် နာမကျန်းမှုမျိုးကြောင့် အသက်ဆုံးရှုံးရခြင်း၊ မီးဖွားစဉ်တွင် အမျိုးသမီးနှင့် ကလေးများ သေဆုံးခြင်းများကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

ဒေါက်တာဆာဆာသည် အသက်(၁၃) နှစ်သားအရွယ်တွင် အထက်တန်းပညာသင်ကြားနိုင်ရန်အတွက် တောတောင်အထပ်ထပ်ကို ခြေလျင်ခရီးဖြင့် ရက်သတ္တပတ်များစွာ လျှောက်လှမ်းကျော်ဖြတ်ပြီး ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ဗမာစကားကိုလည်း မိမိဘာသာ လေ့လာသင်ယူခဲ့ပြီး၊ ကျောင်းတွင် အနိုင်ကျင့်ခံရသည့် ကြားမှပင် တက္ကသိုလ်ဝင်တန်းတွင် အတန်းထဲမှ အထူးချွန်ဆုံးဖြင့် အောင်မြင်ခဲ့သည်။ ယင်းကာလတွင် မြန်မာနိုင်ငံရှိ ကောလိပ်များအားလုံးကို စစ်တပ်က ပိတ်ထားသည့်အတွက် သူသည်လိုင်လင်းပီသို့ ပြန်လာခဲ့ပြီး ကျောင်းဆရာ ဖြစ်လာခဲ့သည်။ သို့သော် အလွန်အမင်း ဆင်းရဲချို့တဲ့လှသည့် ရပ်ရွာလူထု အသိုင်းအဝိုင်း၏ လိုအပ်ချက်ကြောင့် သူ့အား ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့ကြသည်။ သုံးနှစ်အကြာတွင် နောက်ထပ် ဘာသာစကား (၂) မျိုး သင်ယူတတ်မြောက်ခဲ့သလို ဘွဲ့ရချိန်တွင်လည်း အတန်းထဲတွင် အထူးချွန်ဆုံးဖြစ်ခဲ့ပြီး ဆေးပညာ(၇)နှစ်သင်ကြားခဲ့သော အာမေးနီးယားနိုင်ငံသို့ ခရီးဆက်ကာ ဗြိတိသျှနိုင်ငံတွင် လက်တွေ့လေ့ကျင့်ခြင်းများပြုလုပ်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ချင်းပြည်နယ်တွင် ဝါးမျိုးစိတ် တစ်မျိုးဖြစ်သည့် မယ်လိုကာနာ ဘယ်ဆီဖဲရာ ဝါးပန်းပွင့်ပြီး ဝါးအသီး သီးခဲ့သည်။ ဒေသခံများက ‘မော်တမ်’ ဟုခေါ်သည့် ဤဖြစ်ရပ်သည် နှစ်ပေါင်း ၄၀-၅၀ လျှင် တစ်ကြိမ်မျှသာ ဖြစ်ပေါ်သည်။ ဝါးသီးများစားရန် ထွက်လာကြသည့် သန်းနှင့်ချီသည့် ကြွက်များက ရွာသားများ၏ ကောက်ပဲသီးနှံများကို ကိုက်ဖျက်စားသောက်ခဲ့သောကြောင့် ဒေသခံများသည် ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို(၅)နှစ်ကြာ ခံစားခဲ့ကြသည်။ ဆေးကျောင်းသားမျှသာဖြစ်သေးသည့် ဒေါက်တာဆာဆာသည် ယင်းငတ်မွတ်ခေါင်းပါးမှု ပြဿနာဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာမှ အစားအစာထောက်ပံ့မှုများရရှိရန် လှုံ့ဆော်စည်းရုံးခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် ယာယီဆေးခန်းဖွင့်၍ လူနာပေါင်း ၃,၅၀၀ ကျော်ကို ဆေးကုသပေးခဲ့သည်။ ဒေါက်တာဆာဆာ၏ လှုံ့ဆော်မှုနှင့် ဗြိတိန်နိုင်ငံမှ ပံ့ပိုးသူများ၏ အကူအညီကြောင့် လူပေါင်း ၁၂၀,၀၀၀ ကျော်အတွက် လုံလောက်သည့် ရံပုံငွေကို ရရှိခဲ့သည်။

ဒေါက်တာဆာဆာသည် ၂၀၀၉ ခုနှစ်တွင် ဆေးပညာသင်ယူမှု ပြီးဆုံးခဲ့သည့်နောက် ချင်းပြည်နယ်သို့ ပြန်လာခဲ့ပြီး ဒေသတွင်းတွင် ပထမဆုံးသော အခြေခံကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စတင်နိုင်ရန် ဦးစီးလုပ်ကိုင်ခဲ့သည်။ လူထုကျန်းမာရေး လုပ်သားများအတွက် သင်တန်းကျောင်းများ တည်ထောင်ခဲ့ရာ ယခုအခါ ဒေသတစ်ခုလုံးတွင် ၎င်းကျန်းမာရေးလုပ်သားများက တာဝန်ယူ လုပ်ဆောင်နေကြပြီဖြစ်သည်။ ရိုးရာသားဖွားလက်သည်များအတွက် လေ့ကျင့်သင်ကြားရေး သင်ရိုးညွှန်းတမ်းများကိုလည်း ကူညီပြုစု ပေးခဲ့သောကြောင့် မီးဖွားစဉ်တွင် မိခင်များ သေဆုံးမှုလျှော့ချပေးနိုင်ခဲ့သည်။ သင်တန်းကျောင်းလည်းဖြစ်၊ ဝေးလံခေါင်သီသည့် ကျေးရွာများကို ကူညီပေးနေသည့် ရွေ့လျားဆေးကုသရေးအဖွဲ့၏ အခြေစိုက်ရာလည်းဖြစ်သည့် ဆေးခန်းများကိုလည်း ရွာများတွင် တည်ထောင်ပေးခဲ့သည်။

ဒေါက်တာဆာဆာသည် အလွန်နိမ့်ကျနေသော ဒေသတွင်းပညာရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် ထူးချွန်သောဒေသခံ ကျောင်းသူကျောင်းသားများအား အိန္ဒိယနှင့် တရုတ်ပြည်တို့တွင် အဆင့်မြင့်ပညာ သင်ကြားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ခဲ့သည်။ ယင်းကျောင်းသူကျောင်းသားများသည် ယခုအခါ ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာများ၊ ကျောင်းဆရာများ၊ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် မိမိတို့၏ဒေသများသို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။ ဒေါက်တာဆာဆာက ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ကမကထပြုခဲ့ရာတွင် ‘ဆိုင်ကလုန်း ကိုမန်’ တိုက်ခတ်ခဲ့ပြီးနောက် အစားအသောက် အထောက်အပံ့များ မရောက်ရှိခဲ့သော ဝေးလံလှသည့် ရွာများအတွက် အစားအစာ တန်ချိန် ၁၀၀,၀၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး H1N1 ဗိုင်းရပ်နှင့် Covid-19 အကြပ်အတည်းကာလများကိုဒေသများတွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရန်အတွက် N.95 Mask သန်းတစ်ဝက်ခန့် အပါအဝင် ကြိုတင်ကာကွယ်ရေးပစ္စည်းများကို သူ၏ဦးဆောင်မှုဖြင့် လျှူဒါန်းနိုင်ခဲ့သည်။ စစ်တပ်က ဆန့်ကျင်ကန့်ကွက်နေသည့် ကြားမှပင် မြန်မာနိုင်ငံတွင် ပထမဆုံးသော ကျေးလက်လေယာဉ်ကွင်း တည်ဆောက်နိုင်ရေးအတွက် ဒေါက်တာဆာဆာက စည်းရုံးလှုံ့ဆော်ခဲ့သည့် အပြင်နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကြောင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေမည့် စိုက်ပျိုးရေး စီမံကိန်းများ ဖြစ်ပေါ်လာသည်။

မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီဆုံးနှင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသများထဲမှ တစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့ပြီး မိမိ၏ဘဝကို မိမိလူမျိုးအတွက် နှစ်မြှုပ်ခဲ့သော်လည်း ဒေါက်တာဆာဆာသည် သူ့နိုင်ငံ၏ ခေါင်းဆောင်များ နှင့် ၂၀၁၄ ခုနှစ်က Health & Hope ၏ နာယကဖြစ်လာသည့် ဝေလမင်းသား (HRH The Prince of Wales) အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုကို ခံယူရရှိလျက် ရှိသည်။