အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန

ပြည်ထောင်စု ဒုဝန်ကြီး

H.E. ဒေးဗစ်ဂွမ်အောင်

ဒေးဗစ်ဂွမ်အောင်သည် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ရှိ Heller School for Social Policy and Management (Brandeis University) မှ ရေရှည်တည်တံ့သောနိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးရာမူဝါဒ ဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိခဲ့ပါသည်။ သူ၏ တက္ကသိုလ် ပထမဘွဲ့အား လူမှုရေးသိပ္ပံ (နိုင်ငံတကာ ဆက်ဆံရေးအထူးပြု) ဘာသာရပ်ဖြင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT) အောက်ရှိ Liberal Arts Program (BARS) မှ ရရှိခဲ့ပါသည်။

ဒေးဗစ်သည် တည်ငြိမ်မှုမရှိသေးသော နိုင်ငံရေးအခင်းအကျင်းများတွင် ဒီမိုကရေစီ ယန္တရားအဆောက်အအုံများအား ပိုမို အားကောင်းလာစေရန်အတွက် လူထုအခြေပြုအဖွဲ့အစည်းများနှင့်အတူ အစိုးရမှ တစ်ဦးကိုတစ်ဦး ထိန်းကျောင်းပဲ့ပြင်ပြီး အတူယှဉ်တွဲ လုပ်ဆောင်သွားကြရမည်ဟု ယုံကြည်သည်။ မတူညီကွဲပြားသော လူမျိုးစုများ၊ ကိုးကွယ်ယုံကြည်မှူများ၊ နိုင်ငံရေးခံယူချက်များအား အားသာချက်အဖြစ်မှတ်ယူပြီး သာတူညီမျှဖြစ်၍ တရားမျှတမှုရှိသော ပွင့်လင်းလူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်သွားရန်မှာ ၎င်း၏ ဘဝရည်မှန်းချက် ပင်ဖြစ်သည်။

ဒေးဗစ်ဂွမ်အောင်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းဒေသများရှိ စစ်ဘေးရှောင်စခန်းများတွင် Civic Education နှင့် လူ့အခွင့်အရေးသင်တန်းမြောက်များစွာကို ပို့ချပေးခဲ့ပြီး Liberal Arts Program တွင်လည်း ပထမနှစ်ကျောင်းသူ၊ကျောင်းသားများအား Civic Education သင်ကြားပေးခဲ့ပြီး နောက်ဆုံးနှစ်အတန်းသားများကိုမူ ပြည်သူ့ရေးရာမူဝါဒဘာသာရပ်အား ပို့ချပေးခဲ့ပါသည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းမျာ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများတွင် အလွတ်တန်း သုတေသီတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ActionAid Myanmar ၏ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံအဖြစ်လည်း တာဝန်ယူလုပ်ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အရပ်သားအစိုးရ အုပ်ချူပ်မှုအောက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တွင် သုတေသနလက်ထောက်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကိုးရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) တွင် ဆက်လက်ပြီး Program Manager အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လုပ်ငန်းစီမံကိန်းများ ဖော်ဆောင်ရာတွင် နေပြည်တော်ရှိ အစိုးရ ဝန်ကြီးဌာနများနှင့်သော်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်သော်လည်းကောင်း တိုက်ရိုက် ပူးပေါင်းလုပ်ဆောင်ချက်များစွာ ရှိခဲ့ပါသည်။

Open Society Foundation မှ ပေးအပ်သော Civil Society Leadership Award (CSLA) ဖြင့် မဟာဘွဲ့ ကို ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ထို့နောက် နေပြည်တော်တွင် ပါလီမန်အမတ်များကို လွှတ်တော်လုပ်ငန်းစဉ် နည်းပညာပိုင်းဆိုင်ရာ အကူအညီ အထောက်အပံ့များပေးနေသည့် Westminster Foundation for Democracy (WFD) အဖွဲ့အစည်းတွင် အလုပ်စတင် ဝင်ရောက်လုပ်ကိုင်စဉ် မြန်မာစစ်တပ်မှ ကြိုးပမ်းခဲ့သော်လည်း အထမမြောက်သော အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရပြီး ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ပါသည်။ ထိုအချိန်မှစတင်ပြီး လူ့အခွင့်အရေးနှင့် advocacy အဖွဲ့အစည်းတစ်ခုဖြစ်သော Fortify Rights တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ သုတေသီအဖြစ် တာဝန်ယူလုပ်ဆောင်စဉ် စစ်ကောင်စီမှ ကျူးလွန် သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများစွာကို အားသွန်ခွန်စိုက် စုံစမ်းစစ်ဆေး ဖော်ထုတ်၊ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ယခုအချိန်တွင် ဒေးဗစ်သည် အမျိုးသားညီညွတ်ရေး အစိုးရ ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တိုင်းပြည်နှင့် ပြည်သူမှ ပေးအပ်သော တာဝန်ကို ထမ်းဆောင်လျှက်ရှိပါသည်။